← All Articles

Opinions

Selective but open

ဘုဏ်းခသူ

open type လို့ ခေါ်မလား။ သူခင်တဲ့ သူတွေနဲ့ဆို ပွင့်ပွင့်လင်းလင်း ပေါင်းသင်းတတ်တဲ့သူ

ကိုယ့်ကိုယ်ကိုတောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ မစဉ်းစားတတ်ဘဲ လူတွေအပေါ် ရိုးရိုးသားသား ဆက်ဆံတတ်တဲ့သူ

သူက စကားတွေ အများကြီးပြောခဲ့တယ်။ သူ့အကြောင်းတွေ၊ သူ့ခံစားချက်တွေ၊ သူ့ရဲ့ ရိုးသားမှုတွေကိုပါ မဖုံးကွယ်ဘဲ ပြောပြခဲ့တယ်။

စေတနာတွေလည်း အများကြီးပေးခဲ့တယ်။ အခက်အခဲရှိတဲ့အခါ လက်ကမ်းပေးခဲ့တယ်။

ဒါပေမဲ့ တစ်ချိန်မှာ ပြန်ကြည့်လိုက်တော့ အဲဒီစကားတွေဟာ နားထောင်ဖို့ မလိုအပ်တဲ့သူတွေဆီ ရောက်ခဲ့ပြီး၊ အဲဒီစေတနာတွေဟာ တန်ဖိုးထားဖို့ မသိတဲ့သူတွေဆီ ရောက်ခဲ့မှန်း သိလာတယ်။

သူက ကူညီချင်လို့ ကမ်းပေးခဲ့တဲ့ လက်တစ်ဖက်ဟာ တစ်နေ့မှာ သူ့နောက်ကျောကို ပြန်ထိုးမယ့် ဓားတစ်ချောင်း ဖြစ်လာတတ်တယ်။

အဲဒီအချိန်မှာ သူတိတ်ဆိတ်သွားတယ်။

မပြောချင်တော့လို့ မဟုတ်ဘူး။ လူတွေကို မယုံတော့လို့လည်း မဟုတ်ဘူး။

သူ့ရဲ့ ရိုးသားမှုကို ဘယ်သူ့ဆီမှာ ထားသင့်တယ်၊ သူ့ရဲ့ စေတနာကို ဘယ်သူ့အတွက် ပေးသင့်တယ်ဆိုတာ နောက်ကျမှ နားလည်လာလို့ပါ။

စေတနာဆိုတာ ရေလိုပဲ။

အပင်တိုင်းကို ရေလောင်းပေးလို့ အပင်တိုင်းက ပွင့်လာတာ မဟုတ်ဘူး။

တစ်ချို့အပင်တွေက ရေလိုတယ်

တစ်ချို့ အပင်တွေက နေရောင်လိုတယ်

တစ်ချို့ အပင်တွေကျ မြေဩဇာလိုတယ်

တချို့နေရာမှာ ရေဟာ အသက်ပေးနိုင်ပေမယ့် တချို့နေရာမှာတော့ ရေများလွန်းရင် အပင်ကို ပုပ်စေတတ်တယ်။

ဒါကြောင့် ကောင်းတာလုပ်ဖို့ထက် ဘယ်နေရာမှာ ဘယ်လောက်ကောင်းသင့်လဲဆိုတာ သိဖို့က ပိုအရေးကြီးတယ်။

ကံကိုတော့ သူ ယုံတယ်။

သူစိုက်တဲ့အရာကို သူပြန်ရိတ်သိမ်းရမယ် လို့ ယုံတယ်။

ဒေါသနဲ့ ခံပြင်းမှုတွေကိုလည်း သူ့ကိုယ့်အထဲမှာ မသိမ်းထားချင်ဘူး။

မနာလိုတာ၊ ဒေါသထွက်တာ၊ ခံပြင်းတာတွေဟာ သူများကို ထိခိုက်စေတာထက် သူ့စိတ်ကိုပဲ အပူပေးနေတတ်တာကို။

အခုတော့ သူများနဲ့ ပြိုင်ဖို့ထက် မနေ့က သူ့ကိုယ်ကိုပဲ ပြန်ကြည့်တယ်။

မနေ့ကထက် ဒီနေ့ စိတ်ပိုအေးသလား။ မနေ့ကထက် ဒီနေ့ ပိုနားလည်လာသလား။

အဲဒါကပဲ သူ့အတွက် အရေးကြီးတယ်။

တစ်ခါတလေ လူတစ်ယောက် တိတ်ဆိတ်သွားတာဟာ သူပြောင်းလဲသွားတာ မဟုတ်ဘူး။

ဘယ်သူ့ကို လက်ကမ်းပေးသင့်တယ်၊ ဘယ်သူ့အတွက် စေတနာထားသင့်တယ်၊ ဘယ်အရာတွေကို လွှတ်ချသင့်တယ်ဆိုတာ နားလည်လာတာပါ။

နောက်ဆုံးမှာ သူများရဲ့ လယ်ကွင်းကို မကြည့်တော့ဘဲ သူ့လယ်ကွင်းကိုပဲ ပိုကောင်းအောင် စိုက်ပျိုးသွားဖို့ပါပဲ။

သူစိုက်တဲ့အရာကို သူပြန်ရိတ်သိမ်းရမှာပဲ မဟုတ်လား။

ပြီးတော့ သူ့ရဲ့ တစ်ခုတည်းသော ပြိုင်ဘက်က မနေ့က သူကိုယ်တိုင်ပါ။

What do you think about this article?