ကျွန်တော်က ရုပ်ဝတ္ထုတွေထက် လူတွေကို ပိုတန်ဖိုးထားတယ်။
ကျွန်တော် တန်ဖိုးထားတာဆိုလို့ လက်ဆောင်ရထားတာရယ်၊ အမေဝယ်ပေးတဲ့ ပစ္စည်းတွေရယ်ပဲ။
ဘာလို့လဲဆိုတော့ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးထက် အဲ့ဒီပစ္စည်းကို ဘယ်သူက ဘာကြောင့်ပေးခဲ့တာလဲဆိုတာကို ပိုမှတ်မိလို့ပဲ။
အမေဝယ်ပေးထားတာဆိုရင် ဘယ်လောက်တန်လဲဆိုတာထက် “အမေက ငါ့အတွက် ဝယ်ပေးထားတာ” ဆိုတာကို ပိုသတိရတယ်။
သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားတာဆိုလည်း အဲ့ဒီပစ္စည်းထက် သူနဲ့အတူ ဖြတ်သန်းခဲ့တဲ့အချိန်တွေကို ပိုမှတ်မိတယ်။
ပစ္စည်းက ပျက်သွားရင် အသစ်ပြန်ဝယ်လို့ရတယ်။
ဒါပေမဲ့ အဲ့ဒီပစ္စည်းနဲ့ ဆက်စပ်နေတဲ့လူ၊ အချိန်နဲ့ အမှတ်တရတွေကိုတော့ ပစ္စည်းအသစ်တစ်ခုဝယ်သလို ပြန်ဝယ်လို့ မရဘူးဗျ။
ကျွန်တော်က ပိုက်ဆံမလိုဘူး၊ အောင်မြင်မှုမလိုဘူးလို့ ပြောတာတော့ မဟုတ်ဘူး။
လိုတာပေါ့။
ပိုက်ဆံရှိရင် ကိုယ်လုပ်ချင်တာတွေ လုပ်လို့ရတယ်။ အောင်မြင်မှုရှိရင်လည်း ကိုယ့်ဘဝကို ကိုယ်ရွေးချယ်နိုင်တာတွေ ပိုများလာတယ်။
ဒါပေမဲ့ အဲ့ဒါတွေထက် ကျွန်တော်နဲ့အတူ ဖြတ်သန်းပြီး အဆိုးအကောင်း၊ အကျိုးအကြောင်း တိုင်တိုင်ပင်ပင် သွားနိုင်တဲ့လူတွေကို ပိုလိုတယ်။
ကျွန်တော် တစ်ခါတလေ စဉ်းစားမိတယ်။
ပိုက်ဆံ ဘယ်လောက်ရှိရှိ တစ်နေ့ကို ထမင်းကောင်းကောင်း ဘယ်နှစ်နှပ်စားနိုင်မှာလဲ။
လက်စွပ်ဆိုရင်တော့ လေးငါးကွင်း ဝတ်ချင်ဝတ်နိုင်မယ်။ နာရီကျ ဘယ်နှစ်လုံး ဝတ်နိုင်မှာလဲ။ မသကာ တစ်နေ့တစ်လုံး ထည်လဲဝတ်ချင် ဝတ်နိုင်တာပေါ့။
ဒါပေမဲ့ ကျွန်တော်အတွက်တော့ ကောင်းကောင်းလေး တစ်လုံးရှိရင် ရပြီ။
ဆိုင်ကယ်လည်း ဒီအတိုင်းပဲ။
ဘာကြီးစီးရမယ်ဆိုတဲ့ အိပ်မက်မျိုး မရှိဘူး။ လမ်းမှာ ထမပျက်ဖို့၊ လူလူသူသူလေး ရှိရင် ရပြီပေါ့။
ကားဆိုလည်း အတူတူပဲ။
ကားက ဆိုင်ကယ်ထက် ပိုသက်သောင့်သက်သာရှိမယ်။ မိုးလုံမယ်။ Safe ပိုဖြစ်မယ်။ ဒါတွေလောက်ပဲ ကျွန်တော် သိပါတယ်။
ကျွန်တော်အတွက်တော့ ဘာကားကြီးမှ စီးချင်တာရယ်လို့ မရှိဘူး။
ခင်ဗျားတို့ကတော့ “ဒီကောင် မစီးနိုင်သေးလို့ပါကွာ” ဆိုပြီး ထင်ချင်ထင်မှာပေါ့။
အဲ့ဒါလည်း ခင်ဗျားအမြင်ပဲ။ ခင်ဗျာ ကြိုက်သလို မြင်လို့ရတယ်။
ကျွန်တော်ကလဲ ကျွန်တော်အမြင်အကြောင်းကိုပဲ ထပ်ပြောချင်တယ်။
ကျွန်တော်လိုချင်တာက ပစ္စည်းတွေ အများကြီး ပိုင်ဆိုင်ထားဖို့ထက် ကိုယ့်ဘေးမှာ ကိုယ်နဲ့အတူ ဖြတ်သန်းပေးမယ့်လူတွေ ရှိဖို့ပဲ။
ပျော်တဲ့အချိန် အတူပျော်မယ်။
ဒုက္ခရောက်ရင် အတူထိုင်ပြီး စဉ်းစားမယ်။
ကိုယ်မှားရင်လည်း ပြောမယ်။
သူမှားရင်လည်း ပြောမယ်။
အဆိုးအကောင်း၊ အကျိုးအကြောင်း တိုင်တိုင်ပင်ပင်နဲ့ တစ်ယောက်နဲ့တစ်ယောက် ဖြတ်သန်းသွားနိုင်မယ်ဆိုရင် အဲ့ဒါက ကျွန်တော့်အတွက် တော်တော်ကို ပြည့်စုံနေပြီ။
ဘာလို့လဲဆိုတော့ ဘဝမှာ ကိုယ်ဘာတွေ ပိုင်ဆိုင်ခဲ့လဲဆိုတာထက် ဘယ်သူတွေနဲ့ ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာက ပိုကျန်ခဲ့မယ် လို့ ထင်လို့ပဲ။
နောက်ဆုံး အသက်ကြီးလာတဲ့အခါ အိမ်ဘယ်လောက်ကြီးခဲ့လဲ၊ ကားဘယ်လောက်ကောင်းခဲ့လဲ၊ နာရီဘယ်နှစ်လုံး ဝတ်ခဲ့လဲဆိုတာထက်—
“အဲ့ဒီအချိန်တုန်းက ငါတို့ ဘယ်လိုတွေ ရယ်ခဲ့ကြတာလဲ”
“ဘယ်လိုတွေ ဒုက္ခအတူခံခဲ့ကြတာလဲ”
“ဘယ်သူက ငါ့ဘေးမှာ တကယ်ရှိခဲ့တာလဲ”
ဆိုတာတွေကိုပဲ ပိုမှတ်မိနေမယ်ထင်တယ်။
အဲ့ဒါကြောင့် ကျွန်တော့်အတွက် ချမ်းသာတယ်ဆိုတာ ပစ္စည်းတွေ အများကြီးပိုင်ဆိုင်ထားတာ မဟုတ်ဘူး။
ကိုယ်လိုအပ်တဲ့အချိန်မှာ ကိုယ့်ဘေးမှာ ရှိပေးမယ့်လူတွေ ရှိနေတာပဲ။
ပစ္စည်းတွေကတော့ ပျက်သွားရင် အသစ်ပြန်ဝယ်လို့ရတယ်ဗျ။
လူတွေကတော့ မရဘူး။