“ဘဝမှာ ၄၊ ၅၊ ၆ ခု မလိုပါဘူး။ နှစ်ခုပဲ။ ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ် ဒီနှစ်ခုပဲ။”
— မောင်ချောနွယ်
ဟုတ်တယ် ဆရာ မောင်ချောနွယ် ပြောသလိုပါပဲ။
ဘဝမှာ ၄၊ ၅၊ ၆ ခု မလိုဘူး။ ဘယ်သူက ချစ်သူစစ်စစ်၊ ဘယ်ကောင်က ရန်သူစစ်စစ် ဆိုတာ သိရင် လုံလောက်ပြီ။
အသက်တွေ ကြီးလာလေလေ လူတွေကို ပိုသိလာတာထက် ကိုယ့်ကိုယ်ကိုယ် ပိုသိလာတယ် လို့ပဲ ထင်တယ်။
ငယ်ငယ်တုန်းက လူများများရှိတာကို သဘောကျတယ်။ ဘေးမှာ လူတွေများရင် ကိုယ်တစ်ယောက်တည်း မဖြစ်ဘူးလို့ ထင်ခဲ့တယ်။
နောက်တော့ သိလာတယ်။
လူများတာနဲ့ ကိုယ့်ဘက်မှာ လူရှိတာ မတူဘူး။
တစ်ခါတလေ လူတစ်ယောက်ပဲရှိပေမဲ့ ကိုယ်ဒုက္ခရောက်တဲ့အချိန်မှာ တကယ်ရှိပေးတတ်တယ်။ အဲ့ဒါက လူအများကြီးရှိနေတာထက် ပိုတန်ဖိုးရှိတယ်။
အသက်တွေကြီးလာလေလေ ဘုရားဟောထားတဲ့ တရားတွေကိုလည်း နည်းနည်းချင်း နားလည်လာတယ်။
ကိုယ်ဖမ်းဆုပ်ထားတဲ့ လက်တွေများလေလေ ကိုယ်ပူလောင်ရလေလေပဲ။
လူတစ်ယောက်ကို မလွှတ်ချင်ဘူး။ အတိတ်တစ်ခုကို မလွှတ်ချင်ဘူး။ ကိုယ်မှန်တယ်ဆိုတဲ့ အတွေးကိုတောင် မလွှတ်ချင်ဘူး။
အဲ့လိုနဲ့ ကိုယ်ဖမ်းထားတာတွေ များလာတယ်။
နောက်ဆုံးတော့ သိလာတယ်။
တစ်ချို့အရာတွေကို လွတ်ချဖို့လိုတယ်။ တစ်ချို့အရာတွေကို အစကနေ ပြန်တည်ဆောက်ဖို့လိုတယ်။
လွတ်ချတယ်ဆိုတာ မုန်းတာမဟုတ်ဘူး။ ကိုယ့်ဘဝထဲမှာ ဆက်သယ်သွားဖို့ မလိုတော့တဲ့အရာကို အဲ့ဒီနေရာမှာပဲ ထားခဲ့တာ။
တစ်ချို့လူတွေကို လွှတ်ချရမယ်။
တစ်ချို့လူတွေကိုတော့ တန်ဖိုးထားပြီး ဆက်ထိန်းထားရမယ်။
ပြီးတော့ အားလုံးထက် ကိုယ့်ကိုယ်ကိုယ် မပျောက်သွားဖို့ အရေးကြီးတယ်။
အခုတော့ လူတွေကို စုချင်တာထက် ခွဲသိချင်လာတယ်။
ဘယ်သူ့ကို လက်ဆွဲထားရမလဲ။
ဘယ်သူ့လက်ကို ပြန်လွှတ်ပေးရမလဲ။
ဘယ်အရာကို ဆက်ထိန်းထားရမလဲ။
ဘယ်အရာကို အစကနေ ပြန်တည်ဆောက်ရမလဲ။
အဲ့ဒါတွေကို သိလာရင် ဘဝမှာ သိပ်များများ မလိုတော့ဘူးထင်တယ်။
ချစ်သူစစ်စစ်ကို သိဖို့၊ ရန်သူစစ်စစ်ကို သိဖို့၊ ပြီးတော့ ကိုယ့်စိတ်အေးချမ်းမှုကို ကိုယ်တိုင် ထိန်းထားနိုင်ဖို့။
အဲ့ဒါလောက်ဆို ဘဝက မပြည့်စုံသေးရင်တောင် အေးချမ်းဖို့တော့ လုံလောက်ပြီထင်တယ်။
နောက်ဆုံးတော့ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပဲ။
ကိုယ်က ဘာတွေစိုက်ခဲ့လဲဆိုတာပေါ်မူတည်ပြီး တစ်နေ့ ကိုယ်ပဲ ပြန်ရိတ်သိမ်းရမှာပဲ။
အဲ့ဒါကြောင့် သူများကို ပြောင်းလဲဖို့ထက် ကိုယ့်ကိုယ်ကိုယ်ပဲ ပြင်ဆင်နေတော့မယ်။