← All Articles

Self-Respect

ကိုယ့်ကိုယ်ကိုယ်မှ မထိန်းရင် ဘယ်သူမှ လာထိန်းမှာမဟုတ်ဘူး

ဘုဏ်းခသူ

တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးဖို့ လိုတယ်။

ကိုယ့်ကိုယ်ကိုယ်မှ မထိန်းရင် ဘယ်သူမှ ကိုယ့်အစား လာထိန်းပေးမှာ မဟုတ်ဘူး။ ကိုယ့်စိတ်ကိုယ် ဂရုမစိုက်ရင်လည်း ဘယ်သူမှ ကိုယ့်အစား လာဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး။

ဘာလို့လဲဆိုတော့ လူတိုင်းမှာ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ်တန်ဖိုးထားတဲ့သူတွေ၊ ကိုယ်ဂရုစိုက်ရမယ့်သူတွေ ရှိကြတယ်။ ကိုယ့်အတွက် အချိန်ပေးနေတဲ့သူတွေတောင် သူတို့ရဲ့ဘဝနဲ့ သူတို့ရဲ့ပြဿနာတွေ ရှိနေကြတာပဲ။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ဆိုတာ ကိုယ်တိုင်လုပ်ရမယ့်အရာတစ်ခုပဲ။

ငါကတော့ တစ်ယောက်ယောက်နဲ့ ခင်မင်ပြီဆိုရင် အပေါ်ယံစကားလုံးတွေ သိပ်မပါဘူး။ ခင်ရင်လည်း စိတ်ရင်းနဲ့ ခင်တယ်။ ကူညီနိုင်ရင်လည်း တတ်နိုင်သလောက် စိတ်ပါလက်ပါ ကူညီပေးတယ်။ ကိုယ်တိုင်လည်း အကူအညီလိုတဲ့အခါ သူများဆီက အကူအညီတောင်းခဲ့ဖူးတာပဲ။

အဲဒီလို ကူညီခဲ့တာတွေအတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်။ ဘယ်သူ့ကိုမှ ချိုးနှိမ်ချင်လို့၊ ကိုယ့်ကိုယ်ကိုယ် ပိုသာတယ်လို့ ပြချင်လို့ လုပ်ခဲ့တာမျိုး မဟုတ်ဘူး။ ကူညီပေးခဲ့သူတွေဆိုရင်လဲ စိတ်ရင်းနဲ့ ကျေးဇူးတင်တယ်။

ငါ့အတွက်တော့ ကိုယ်က ကိုယ်ပဲဆိုတာ သိထားတယ်။ သူများဘယ်လောက်အောင်မြင်နေပါစေ၊ ဘယ်လောက်တိုးတက်နေပါစေ ကိုယ့်ဘဝနဲ့ ကိုယ့်လမ်းကိုယ် ရှိတယ်။ သူများနဲ့ နှိုင်းယှဉ်ပြီး မနာလိုဖြစ်နေဖို့လည်း မလိုဘူး။ သူများရဲ့အရာတွေကို လိုချင်နေဖို့လည်း မလိုဘူး။

ဒါပေမဲ့ လူတိုင်းက ကိုယ့်လိုပဲ တွေးကြမှာတော့ မဟုတ်ဘူး။ ကိုယ်ပြောတဲ့စကားကို အဓိပ္ပာယ်တစ်မျိုး ကောက်ချင်တဲ့သူလည်း ရှိမယ်။ ကိုယ့်ရဲ့စိတ်ရင်းကို နားလည်ချင်မှလည်း နားလည်ကြမယ်။ တချို့က ကိုယ့်ကို အထင်အမြင်တစ်မျိုးနဲ့ မြင်ကြတာလည်း ရှိနိုင်တယ်။

အဲဒါတွေကို အားလုံးလိုက်ရှင်းပြနေဖို့ မလိုဘူးလို့ ထင်တယ်။ ကိုယ်ဘာကြောင့် အဲဒီလိုပြောခဲ့တယ်၊ ဘာကြောင့် အဲဒီလိုလုပ်ခဲ့တယ်ဆိုတာ ကိုယ်သိရင် တော်တော်များများ လုံလောက်နေပြီ။

တကယ်တော့ လူတိုင်းရဲ့အမြင်ကို လိုက်ပြင်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ့်ကို နားလည်ချင်တဲ့သူက နားလည်ဖို့ ကြိုးစားလိမ့်မယ်။ နားလည်ဖို့ စိတ်မရှိတဲ့သူကိုတော့ ဘယ်လောက်ရှင်းပြရှင်းပြ အကျိုးရှိမှာ မဟုတ်ဘူး။

အရေးကြီးတာက ကိုယ့်ရဲ့စိတ်ရင်းကိုယ် မပျောက်ဖို့ပဲ။

ဒါပေမဲ့ စိတ်ရင်းကောင်းတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေ့ထားလို့တော့ မရဘူး။ သူများကို ကူညီရင်း ကိုယ့်ဘဝကိုယ် ပျက်စီးသွားတာမျိုး၊ သူများအဆင်ပြေဖို့ ကြိုးစားရင်း ကိုယ့်စိတ်ကိုယ် ပင်ပန်းအောင် လုပ်နေတာမျိုးလည်း မဖြစ်သင့်ဘူး။

ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ပါ။ ကိုယ်တန်ဖိုးထားတဲ့သူတွေအတွက် အချိန်ပေးပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အဲဒီစာရင်းထဲမှာ ထည့်ထားဖို့ မမေ့ပါနဲ့။

တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့၊ ကိုယ့်စိတ်ကိုယ် ထိန်းသိမ်းတတ်ဖို့၊ မလိုအပ်တဲ့အရာတွေကို လွှတ်ချတတ်ဖို့ လိုတယ်။

ဘာလို့လဲဆိုတော့ ကိုယ့်ဘဝကိုယ် ဖြတ်သန်းရမှာက ကိုယ်တိုင်ပဲလေ။

သူများကို မနာလိုမဖြစ်ဘူးဆိုတာ ကိုယ့်မှာ ဘာမှမရှိလို့ မဟုတ်ဘူး။ ကိုယ့်မှာရှိတဲ့အရာတွေကို ကိုယ်တန်ဖိုးထားတတ်လို့ပဲ။ သူများကို အထင်သေးစရာမလိုသလို ကိုယ့်ကိုယ်ကိုယ်လည်း သူများအမြင်နဲ့ အထင်သေးစရာ မလိုဘူး။

နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းရင် ဘယ်သူမှ လာထိန်းမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားရင်လည်း သူများဆီက တန်ဖိုးထားမှုကိုပဲ အမြဲမျှော်လင့်နေရလိမ့်မယ်။

ကိုယ်က ကိုယ်ပဲ။ ကိုယ့်စိတ်ရင်းကို မပျောက်စေနဲ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မပျောက်ဆုံးစေနဲ့။

What do you think about this article?