← All Articles

memory

HR ရာထူးနဲ့ TTMY ကောင်ကနေ Programmer ပေါက်စဘဝသို့

ဘုဏ်းခသူ

ပညာဒါနကို ကျွန်တော်ရောက်တော့ သူဌေးရယ်၊ မန်နေဂျာအမကြီးရယ်၊ ပြီးရင် ဝန်ထမ်းတွေထဲမှာ ကျွန်တော်က အသက်အကြီးဆုံး။ ရာထူးကသာ HR ပေးထားတာ တကယ်တမ်းက TTMY ပါပဲ။

အတန်းမဝင်ခင် တံမြက်စည်းလှည်းတာကအစ၊ Fingerprint ဆိုတာ မမြင်ဖူးတဲ့ကောင်ကို အဲ့ Software သုံးပြီး ဝန်ထမ်းလစာဆွဲခိုင်း၊ ကျောင်းသားဖောင်တွေကို Batch အလိုက် ပြန်စီရ။ ကျွန်တော်က ကွန်ပျူတာစာစီစာရိုက်လေးလည်း ရထားသေးတော့ နည်းနည်းတော့ အသုံးဝင်တယ်ပေါ့ဗျာ။

ဆရာ၊ ဆရာမပေါင်း ၄၀ လောက်၊ ကျောင်းသားပေါင်း တစ်လတစ်လ ခြောက်ရာ၊ ခုနစ်ရာလောက်၊ အချိန်ပိုင်းဝန်ထမ်း ၅၀ လောက်။ အမြဲတမ်းဝန်ထမ်းဆိုတာကတော့ ကျွန်တော်အထင် သိပ်မရှိသလောက်ပဲ။ အဲ့တော့ ဝန်ထမ်းစာရင်းတွေက အမြဲတမ်း အပြောင်းအလဲဖြစ်နေတော့တာပဲ။

တစ်ရက်ကျ ပြင်ဦးလွင်မှာနေတုန်းက လိုင်းပေါ်မှာ ကျွန်တော်နဲ့ခင်တဲ့ အကိုကြီးတစ်ယောက်နဲ့ စကားတွေ ပြောဖြစ်တယ်။ သူပြောပြဖူးတာက ဖုန်းဆာဗစ်တတ်ရင် လှည်းတန်းနားက ပလက်ဖောင်းပေါ်မှာ စာပွဲခုံလေးချ၊ ထီးလေးနဲ့ MP3, MP4 ကူးပေးရင်တောင် တွတ်ချေကိုက်တယ်ဆိုပဲ။ ဒါပေမဲ့ သူက Phone Service ကနေ Programming လိုင်းဘက်ကူးနေတာပဲ။

ကျွန်တော့်ကို ရန်ကုန်ရောက်ရင် သူတက်ခဲ့တဲ့ ဖုန်းဆာဗစ်သင်တန်းကို လိုက်ပို့ပေးမယ် ဘာညာပြောဖူးတော့ ကျွန်တော်လည်း အလုပ်ကပြန် သူနေတဲ့ လှည်းတန်းနားက IT လက်ဖက်ရည်ဆိုင်ကို သွားတာပေါ့။

“အကို အခြေအနေ”

“ဟိတ်ယောင် ဝဏ္ဏ၊ မင်း Programming ဝါသနာပါလား”

ဇာတ်လမ်းက စပြီ။ ဖုန်းဆာဗစ်တောင် ဘာမှန်းမသိတာကို။ Programming တွေ ဘာတွေ လာပြောနေတာ။

“ဘာကြီးလဲ အကို Programming ဆိုတာ”

သူက—

“Code တွေရေးတာကွာ။ Computer Software တွေ ဘာတွေရေးတဲ့ဟာကွာ”

ကျွန်တော် ပြင်ဦးလွင်မှာ နေခဲ့တုန်းက အတိတ်ကို သတိရမိသွားတယ်။ ကျွန်တော် ဝန်ထမ်းပေါက်စတုန်းက ကျွန်တော့်ရဲ့ ဌာနမှူး အန်တီကြီးက ကျွန်တော့်ကို သင်တန်းကြေးစိုက်ပြီး—

“ရုံးမှာ နေတယ်ဆိုတာ ကွန်ပျူတာတတ်ထားရတယ်။ ရော့… သင်တန်းကြေးယူသွား။ သွားသင်ချေ”

ဆိုပြီး လွှတ်လို့ ဓာတ်ပုံဆိုင်တစ်ဆိုင်က ဖွင့်ထားတဲ့ Computer Basic အတန်းလေး သွားတက်ပါလေရော။

Basic ပြီးတော့ အဲ့မှာ C တို့ C++ တို့ ထပ်တက်လို့ရတယ်ဆိုလို့ ကျွန်တော်က တက်မယ်လုပ်ရော။ ဒါပေမဲ့ ခက်တာက ဆရာကလည်း ငှားရမှာဗျာ။ သင်တန်းသားကလည်း ကျွန်တော်တစ်ယောက်တည်းရှိတာမလား။

အဲ့ဒါကို ပွင့်ပွင့်လင်းလင်း မပြောဘဲနဲ့ ကျွန်တော့်ကို—

“မင်းဉာဏ်လေးနဲ့ဆို ရမှာမဟုတ်ဘူး။ တခြား Photoshop တို့ AutoCAD တို့ သင်ပါလား”

ဆိုတာကို သွားသတိရတယ်။

၆ နှစ်ကျော်လောက်ကြာမှ ကျွန်တော် ပြန်ကြားရတော့ ရင်တွေခုန်ပြီး—

“အကို အဲ့ဒါ C တို့ C++ တို့ကို ပြောတာလား”

တကယ်တမ်းက ကြားဖူးနားဝ ရမ်းဖြီးလိုက်တာ။

“အေး ဟုတ်တယ်။ အဲ့လိုမျိုးပဲ။ ငါက Java သင်နေတာ”

“ဗျာ ဘာကြီးလဲ Java က”

အဲ့မှာ တိုင်ပတ်တာပဲ။ C တို့ C++ (စီ ပလပ် ပလပ် - အဲ့တုန်းက ကျွန်တော် ပြောခဲ့တဲ့ အခေါ်အဝေါ်) တို့တောင် ဘာမှန်းမသိတာဗျာ။ အခု Java ဆိုတော့ “Coffee ဆို Java၊ Coffee ဆို Java၊ Coffee ဆို Java” ဆိုတဲ့ တီဗီကြော်ငြာထဲက ကလေးမလေးကို မျက်လုံးထဲ သွားမြင်ယောင်နေရော။

“Java ဆိုတာကွာ Platform မရွေးဘူး၊ ဘာညာ .....................”

ကျွန်တော် သူပြောနေတာကို မျက်လုံးအဝိုင်းသားလေး ထိုင်ကြည့်ယုံပဲ။

အဲ့နောက် ထွေရာလေးပါး ပြောကြတာပေါ့။

သူကလည်း စေတနာထားပြီး ပြောပြတာပါ။ ဘာလို့ဆို အဲ့ခေတ်က ဖုန်းဆိုင်ကြီးတွေက One Stop Service တွေ အပြိုင်အဆိုင်ဖွင့်ကြတော့ လမ်းဘေး ဖုန်းဆာဗစ်တွေ ခွေဖြစ်ကြတဲ့ အခြေအနေကို။

နောက်နေ့တွေ အိမ်နဲ့ ဖုန်းဆက်ဖြစ်တော့ အမေက မေးတယ်။ ထုံးစံအတိုင်း အလုပ်က အဆင်ပြေလား၊ စားရသောက်ရတာ ဘယ်လိုလဲ၊ ဘာတွေထည့်ပေးရဦးမလဲ မေးနေတုန်း—

“အမေ ကျွန်တော် Programming သင်တန်း တက်တော့မယ်ဗျာ”

အမေကတော့ မသိရှာပါဘူး။ ဖုန်းဆာဗစ်နေနေ၊ Programming နေနေ—

“သင်တန်းကြေးက ဘယ်လောက်လဲ”

ပဲ မေးရှာတာ။

အဲ့ခေတ်က ဖုန်းဆာဗစ်သင်တန်းက ၅ သိန်း၊ Programming က ၆ သိန်း။ တစ်သိန်းလေးပဲကွာတာဆိုပေမဲ့ အဲ့ခေတ်က တစ်သိန်းကလည်း မနည်းပါဘူး။

“သင်တန်းက ၆ လလောက် တက်ရမယ် အမေ။ အလုပ်ကတော့ ရပြီဆိုတော့ အမေ အရမ်းကြီး မပူပါနဲ့။ သား ယောက်ျားပါ အမေရယ်။ သား အဆင်ပြေအောင် နေတတ်ပါတယ်”

အမေ့သက်ပြင်းသံလား၊ အသက်ရှုသံလားတော့ မသိဘူး။ တိုးတိုးလေး ကြားရတယ်။

ဆက်ရန်

What do you think about this article?