← All Articles

Lifestyle

Dopamine ကို ဘယ်လိုထုတ်ကြမလဲ။

ဘုဏ်းခသူ

တစ်ခါတလေ ငါစဉ်းစားမိတယ်။ လူတွေက ဘာလို့ ပျော်ရွှင်မှုကို ရှာဖွေနေကြတာလဲ။ ပြီးတော့ အဲဒီပျော်ရွှင်မှုကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှာဖွေနေကြတာလဲပေါ့။

တချို့တွေက Dopamine ရဖို့ မူးယစ်ဆေးဝါးတွေ သုံးကြတယ်။ တချို့ကျတော့ အရက်သောက်တယ်၊ ဘီယာသောက်တယ်၊ စီးကရက်သောက်တယ်။ အဲဒီအရာတွေက ဦးနှောက်ရဲ့ ဆုလာဘ်စနစ်ကို သက်ရောက်စေပြီး ခဏတာ ခံစားချက်တစ်ခုကို ပေးနိုင်တယ်။

ဒါပေမဲ့ ငါတွေးမိတာက ပိုက်ဆံမကုန်ဘဲ၊ ကိုယ့်ကိုယ်ကိုလည်း မထိခိုက်စေဘဲ ပျော်ရွှင်မှုကို ရှာလို့မရဘူးလားဆိုတာပဲ။

ငါ့အတွက်တော့ Dopamine ကို ထုတ်တယ်ဆိုတာ အရက်သောက်တာ၊ စီးကရက်သောက်တာမျိုးတွေ မဟုတ်ဘူး။

ငါချစ်တဲ့သူတွေကို ပျော်ရွှင်အောင် လုပ်ပေးရတာကလည်း ငါ့အတွက် ပျော်ရွှင်မှုတစ်မျိုးပဲ။ ကိုယ်လုပ်ပေးလိုက်တဲ့အရာလေးတစ်ခုကြောင့် သူတို့ပျော်သွားတာကို မြင်ရတဲ့အခါ ကိုယ်တိုင်လည်း ပျော်ရတယ်။

နောက်တစ်ခုက ငါ့ဘဝအတွက် တစ်ခုခုကို လေ့လာသင်ယူနေရတာပဲ။

ငါက Programmer တစ်ယောက်ဆိုတော့ ဒီခံစားချက်ကို ပိုနားလည်တယ်။ ဥပမာ Code ရေးရင်း Error တစ်ခုတက်လာတယ်ဆိုပါစို့။ အဲဒီ Error ကို ဘာကြောင့်ဖြစ်တာလဲဆိုပြီး လိုက်ရှာရတယ်။ တစ်ခါတလေ အချိန်အတော်ကြာတယ်။ စမ်းလိုက်၊ မှားလိုက်၊ ပြန်ပြင်လိုက်နဲ့ နောက်ဆုံးကျတော့ အလုပ်လုပ်သွားတယ်။

အဲဒီအချိန်မှာ ရလာတဲ့ ခံစားချက်ကို ငါကြိုက်တယ်။

ဘာလို့လဲဆိုတော့ Error တစ်ခု ပျောက်သွားတာတင် မဟုတ်ဘူး။ ငါကိုယ်တိုင် ဖြေရှင်းနိုင်ခဲ့တယ်ဆိုတဲ့ အသိက ကိုယ့်ကိုယ်ကို ပိုယုံကြည်လာစေတယ်။ မနေ့က မသိခဲ့တဲ့အရာတစ်ခုကို ဒီနေ့ သိလာတယ်။ မနေ့က မလုပ်နိုင်ခဲ့တာကို ဒီနေ့ လုပ်နိုင်လာတယ်။

အဲဒီလို တဖြည်းဖြည်း တိုးတက်လာရတဲ့ ခံစားချက်က ငါ့အတွက် တော်တော်မိုက်တယ်။

ဒါပေမဲ့ အဲဒီအကြောင်းတွေကို တွေးရင်းနဲ့ ငါသတိထားမိလာတဲ့ နောက်တစ်ခုရှိသေးတယ်။

တစ်ခါတလေ ငါတို့က ကြီးပြင်းလာရင်းနဲ့ ကိုယ်ဘယ်လိုကြီးပြင်းလာခဲ့ရလဲဆိုတာကို မေ့သွားတတ်ကြတယ်။

ဥပမာ အခုလို သီတင်းကျွတ်အချိန်မျိုးပေါ့။ ငယ်ငယ်တုန်းက ငရဲမီးကစားရတာက ငါ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်တွေထဲက တစ်ခုပဲ။ အဲဒီအချိန်တုန်းက ပိုက်ဆံဘယ်လောက်ကုန်လဲဆိုတာ ငါတို့အတွက် အရေးမကြီးခဲ့ဘူး။ ကစားရမယ်၊ ပျော်ရမယ်။ ဒါပဲ။

ဒါပေမဲ့ အခု အသက်အရွယ်ရောက်လာတဲ့အခါ အဲဒီအရာတွေကို ပြန်တွေးကြည့်မိတယ်။ ပိုက်ဆံကုန်တာပဲ၊ အဲဒီပိုက်ဆံကို တခြားနေရာမှာ သုံးလို့ရတာပဲ၊ အခုဆို အဲဒါတွေက ပိုက်ဆံဖြုန်းတာနဲ့ တူနေပြီလို့ တွေးမိတယ်။

ဒါပေမဲ့ နောက်မှ ငါပြန်စဉ်းစားမိတယ်။ ငါမှားနေပြီပဲ။

ဘာလို့လဲဆိုတော့ ငါက အဲဒီအချိန်က ပျော်ရွှင်မှုကို အခုလက်ရှိ ငါ့ရဲ့အတွေးအခေါ်နဲ့ ပြန်တိုင်းတာနေမိလို့ပဲ။

အဲဒီတုန်းက ငါဟာ ကလေးတစ်ယောက်။ အခုကျတော့ လူကြီးတစ်ယောက်။ အတွေးအခေါ်တွေ မတူတော့ဘူး။ တန်ဖိုးထားတဲ့အရာတွေ မတူတော့ဘူး။ ဒါပေမဲ့ အဲဒါကြောင့် ငယ်ငယ်တုန်းက ပျော်ခဲ့ရတဲ့အချိန်တွေက တန်ဖိုးမရှိတော့ဘူးလား။

မဟုတ်ဘူး။

အဲဒီအချိန်တုန်းက ငါပျော်ခဲ့တယ်။ အဲဒီပျော်ရွှင်မှုက အစစ်အမှန်ပဲ။ အခု အသက်ကြီးလာလို့ အဲဒီအရာတွေကို အရင်လို မလုပ်ချင်တော့တာနဲ့ အဲဒီအချိန်တွေကို တန်ဖိုးမရှိခဲ့ဘူးလို့ ပြောလို့မရဘူး။

ငါတို့က ကြီးပြင်းလာတဲ့အခါ အရာရာကို အကျိုးအမြတ်နဲ့ တိုင်းတာလာတတ်တယ်။ ပိုက်ဆံကုန်တာလား၊ အချိန်ကုန်တာလား၊ ငါ့အတွက် ဘာအကျိုးရှိမှာလဲဆိုတာတွေကို တွေးလာတယ်။

အဲဒါတွေကလည်း လိုအပ်ပါတယ်။ ဒါပေမဲ့ အရာရာကို အဲဒီစံနှုန်းတွေနဲ့ပဲ တိုင်းတာနေမယ်ဆိုရင် ငါတို့ဘဝမှာ ပျော်ရွှင်ခဲ့ရတဲ့ အရာတော်တော်များများကို ကိုယ်တိုင်ပဲ တန်ဖိုးမရှိတော့သလို သတ်မှတ်မိသွားနိုင်တယ်။

အဲဒီအခါကျတော့ ငါတို့ ဘာတွေကို တန်ဖိုးထားသင့်လဲ။ ဘာတွေကို လွှတ်ချသင့်လဲဆိုတာ ပြန်စဉ်းစားဖို့ လိုလာတယ်။

ငါ့အတွက်တော့ ကိုယ်ချစ်တဲ့သူတွေကို ပျော်ရွှင်စေရတာ၊ ကိုယ့်ဘဝအတွက် တစ်ခုခုကို သင်ယူနေရတာ၊ ကိုယ်မလုပ်နိုင်သေးတဲ့အရာတစ်ခုကို လုပ်နိုင်လာတာတွေက တန်ဖိုးရှိတယ်။

အတိတ်က အမှတ်တရတွေလည်း တန်ဖိုးရှိတယ်။ အခုအချိန်မှာ အဲဒီအရာတွေကို မလုပ်ချင်တော့ရင်တောင် အဲဒီတုန်းက ကိုယ်ပျော်ခဲ့တာကိုတော့ တန်ဖိုးထားလို့ရတယ်။

တစ်ဖက်မှာလည်း ခဏတာပျော်ရွှင်ဖို့အတွက် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတဲ့အရာတွေ၊ ကိုယ့်ဘဝကို ရှေ့မတိုးစေဘဲ အချိန်တွေကိုပဲ ကုန်ဆုံးစေတဲ့ အလေ့အကျင့်တွေကိုတော့ ပြန်စဉ်းစားသင့်တယ်။

နောက်ဆုံးတော့ ငါနားလည်လာတာက ပျော်ရွှင်မှုဆိုတာ အမြဲတမ်း ပိုက်ဆံသုံးမှ ရတာမဟုတ်ဘူး။ တခြားသူတွေဆီက ရှာဖွေနေရတဲ့အရာတစ်ခုလည်း မဟုတ်ဘူး။

တစ်ခါတလေ ကိုယ်ချစ်တဲ့သူတစ်ယောက် ပျော်ရွှင်သွားတာမှာ ရှိတယ်။ ကိုယ်လေ့လာနေတဲ့အရာတစ်ခုကို နားလည်သွားတာမှာ ရှိတယ်။ Error တစ်ခုကို ကိုယ်တိုင်ဖြေရှင်းနိုင်သွားတဲ့အချိန်မှာ ရှိတယ်။ ကိုယ့်ငယ်ဘဝကို ပြန်တွေးပြီး အဲဒီအချိန်တွေက တကယ်ပျော်စရာကောင်းခဲ့တာပဲလို့ သဘောပေါက်လာတဲ့အချိန်မှာလည်း ရှိတယ်။

ကြီးပြင်းလာတယ်ဆိုတာ အရာရာကို ပိုပြီးတွက်ချက်တတ်လာတာတစ်ခုတည်း မဟုတ်ဘူး။ ဘယ်အရာတွေကို တန်ဖိုးထားရမလဲ၊ ဘယ်အရာတွေကို လွှတ်ချရမလဲ၊ ဘယ်အရာတွေကိုတော့ ဘယ်တော့မှ မမေ့သင့်ဘူးဆိုတာကို ပိုနားလည်လာတာလည်း ဖြစ်တယ်။

What do you think about this article?