← All Articles

memory

ရခိုင်ကြီးနဲ့ ချက်တဲ့ ကြက်အာလူး

ဘုဏ်းခသူ

အဲ့အဆောင်ရောက်တော့ ကျွန်တော်နဲ့ အခန်းဖော်က ရခိုင်တစ်ကောင်ပဲ။ သူက ကျွန်တော့်နာမည်ကို မမေးဘူး။ “ဟိတ်ကောင်” လို့ပဲ ခေါ်တယ်။

ကျွန်တော်ကတော့ အဲ့တုန်းက ဘယ်သူ့နေနေ အကို၊ အမ တပ်ခေါ်တတ်တော့ “ကိုရခိုင်” ပေါ့။

မနက် ၉ နာရီလောက်မှ အဲ့ဘဲက အဆောင်ကနေ ထွက်တယ်။ ကျွန်တော်ကတော့ အဆောင်မှာနေ၊ အခွင့်အလမ်းဂျာနယ်ဆိုတာကြီးကို အခေါက်ခေါက်အခါခါဖတ်၊ ဖုန်းတွေ ဆက်လိုက်နဲ့ ၁ ပတ်လောက် အလုပ်တွေ ရှုပ်နေတာ။

အလုပ်ကလည်း မရဘူးကို။

ဒီကြားထဲ အိမ်ကို ဖုန်းဆက်ရင် ဘယ်လိုဖြစ်ပြီး ငိုသံက ပါပါနေမှန်း မသိဘူး။ အမေကတော့ အားပေးပါတယ်။

“သား အဆင်မပြေရင် ပြန်လာခဲ့”

တဲ့။

ဒါပေမဲ့ဗျာ ကျွန်တော် မပြန်ချင်ပါဘူး။

ကျွန်တော့်မှာ အောင်မြင်မှုတွေကို ဆာလောင်နေတဲ့ အိပ်မက်တွေရှိတယ်။ အခုချိန် ကျွန်တော်ပြန်သွားရင် ရှုံးနိမ့်သူတစ်ယောက်အနေနဲ့ ပြန်ရမှာမလား။

ဟင့်အင်း။

ကျွန်တော် မပြန်ဘူး။

ကျွန်တော် တစ်နည်းနည်းနဲ့ အောင်မြင်အောင် ကြိုးစားရမယ်။ ကျွန်တော်သိတာ အောင်မြင်မှုအခွင့်အလမ်းဆိုတာ ရန်ကုန်မှာပဲ ရှိတာ။

အမေ့ပိုက်ဆံတစ်ခုတည်းနဲ့လည်း သင်တန်းမတက်ချင်ဘူးရယ်။ အလုပ်တစ်ခု အရင်ရှာလုပ်မယ်။ ပြီးမှ သင်တန်းတက်မယ်ပေါ့။

မဟုတ်ရင် ကျွန်တော် သင်တန်းစရိတ်တွေရော၊ စားစရိတ်၊ အဆောင်စရိတ်တွေရော အမေ့ဆီ အကုန်မတောင်းချင်ပါဘူး။

အဲ့ဒါနဲ့ နောက်ရက်ကျ ကိုရခိုင်ကို “အကို ဘာအလုပ်လုပ်တာလဲ” ဆိုတော့—

“NGO တစ်ခုမှာ အလုပ်လုပ်တာ။ တစ်ခါတလေ မြို့စွန်ဘက်ထဲ လက်ကမ်းစာစောင်တွေ ဝေရတယ်။ တစ်ခါတလေ စာရင်းစစ်တမ်းကောက်ရတယ်”

တဲ့။

ကျွန်တော် ဘဝမှာ ဘာမှန်းတော့ မသိပေမဲ့ NGO တွေမှာ အလုပ်လုပ်ချင်တဲ့စိတ်က ကိုရခိုင်ကိုကြည့်ပြီး ရတော့တာပဲ။

ဘာလို့ဆို ရန်ကုန်လူနေမှုပုံစံက မနက် ၈ နာရီလောက်ဆိုတာနဲ့ အတင်းရုန်းကန် ပြေးလွှားနေရတာမလား။

သူ့ကိုကြည့်လိုက်ရင် ၈ ခွဲလောက်မှ အိပ်ရာထ၊ ၉ နာရီလောက်မှ အိမ်ကနေထွက်ဆိုတော့ ကျွန်တော်လည်း အဲ့အလုပ်လုပ်ရင်း သင်တန်းကောင်းကောင်းတက်လို့ရတယ်ပေါ့ဗျာ။

အဲ့ဒါနဲ့—

“ကျွန်တော့်ကိုလည်း ခေါ်ဗျာ”

ဆိုတော့—

“လိုက်လျှောက်ကွာ”

ဆိုပြီး နောက်ရက် သူတို့ရုံးကို ခေါ်သွားတယ်။

အဲ့မှာဗျာ အလုပ်လျှောက်လွှာဆိုပြီး ပေးတဲ့စာရွက်က ကျွန်တော်စိတ်ထင် ၆ ရွက်လောက်ရှိတယ်ထင်တယ်။ Psycho Test တွေရော၊ ဘာတွေမှန်းမသိတာတွေရော လျှောက်ဖြေရင် ထိုင်စောင့်နေတာပေါ့။

ဒါပေမဲ့ ကျွန်တော့်ကို ပြန်အကြောင်းမကြားပါဘူး။

အဲ့လိုနဲ့ ၂ ပတ်လောက် ရန်ကုန်မြို့ရဲ့ အေဂျင်စီတိုင်းမှာ ကျွန်တော် ဖောင်တွေရောက်လို့ပေါ့။ ဟိုက အင်တာဗျူးခေါ်လိုက်၊ ဒီက အင်တာဗျူးခေါ်လိုက်နဲ့ နောက်ဆုံးမှာတော့ “ပညာဒါန” ဆိုတဲ့ သင်တန်းမှာ ကျွန်တော် အလုပ်ရတယ်ပေါ့ဗျာ။

တစ်ရက်ကျ ကိုရခိုင် ဘယ်ကနေ ဝိ (weed) ရလာလဲမသိဘူး။ လက်သန်းလောက်ပဲကျန်တဲ့ အတိုလေးကို သူ့သေတ္တာလေးထဲ ထည့်ထားတယ်။

ကျွန်တော်ပြန်ရောက်တော့—

“ဟေ့ကောင်၊ မင်း ဝိချဖူးလား”

တဲ့။

ကျွန်တော်လည်း ချဖူးတာပေါ့ဗျဆိုတော့—

“သောက်မလား”

ဆိုပြီး ထုတ်ပေးတယ်။

ကျွန်တော်လည်း မပြောမဆိုနဲ့ ဇွတ်ဖွာတော့တာပေါ့။ သုံး၊ လေးဖွာလောက်ပဲ ဖွာရသေးတယ်။ ကိုရခိုင်က ပြန်လုပါလေရော။

ပြီးတော့ မီးသတ်ပြီး သူ့သေတ္တာလေးထဲ ပြန်ထည့်တယ်။

“မင်း မကွဲရင် ပြောကွာ။ ဒါက BOB ကွ”

တဲ့။

အဲ့နောက် ကျွန်တော်မှာ ကွဲပြီး အသံတွေဘာတွေ ကြားနေရလို့ မနည်းအိပ်ပျော်အောင် အိပ်လိုက်ရတယ်။

အဲ့အဆောင်မှာ နေရတဲ့နေ့ရက်တွေဟာ အမြဲတမ်းဗိုက်ဆာ၊ ထမင်းမဝ၊ ဒုက္ခဆိုတဲ့အရာဟာ ကပ်ပါနေသလိုပဲ။

တစ်ခါတလေကျ ပြန်ရင်လည်း သူများဝယ်ထားတဲ့ အရက်လေးဘာလေး ကပ်တီး၊ မွေးနေ့ပွဲ ဘာပွဲ ညာပွဲလေးတွေ ကြုံရပြန်တော့လည်း ကိုယ်ရောက်နေတဲ့ ဒုက္ခဆိုတာကို မေ့ထားလို့ရတာပါပဲ။

အဲ့အဆောင်က အဆောင်မှူးက တောင်ငူသားလေ။ သူက အခန်းအလွတ်တွေကို လိုက်ငှား၊ အခန်းဖွဲ့ပြီး ပြန်ငှားစားတဲ့ ဘာအလုပ်မှ လုပ်စရာမလိုတဲ့ ဘော်ကြောကလေးဆိုတော့ ပိုက်ဆံလေးများရှိရင် အရက်ဝယ်ပြီး ပွဲလုပ်တော့တာပဲ။ ကိုယ်တွေက ဝိုင်းကူလုပ်ပြီး ကပ်တီးဘဝဆိုပါတော့ဗျာ။

တစ်ခါက ကိုရခိုင်က ကျွန်တော့်ကို ပြောတယ်။

“ဟေ့ကောင်၊ မနက်ဖြန် ရုံးပိတ်ရက်ကွာ။ ဟင်းကောင်းလေး ချက်စားရအောင်”

ဆိုတော့ ကျွန်တော်က—

“ဟာ ကိုရခိုင်၊ ကျွန်တော်က ဟင်းဆို ကြက်ဥလောက်ပဲ ကြော်တတ်တာနော်”

ဆိုတော့ သူက—

“ဟေ့ကောင် ရ၊ ကြက်ဘူး။ ရခိုင်ချက် စားမလား။ ငါချက်ကျွေးမယ်”

တဲ့။

အဲ့လိုနဲ့ နောက်ရက်ကျ သူနဲ့ ကျွန်တော်နဲ့ ဈေးသွားတယ်။ ကြက်သားဝယ်တယ်။ ဘယ်လောက်လဲတော့ မမှတ်မိဘူး။ သေချာတာက ကြက်သားတို့၊ ဆီတို့၊ ဆားတို့ ဝယ်ပြီးတော့ ကျွန်တော်တို့နှစ်ယောက်လက်ထဲမှာ တစ်ထောင်မပြည့်တော့ဘူး။

သူက ဘူးသီးသွားမေးတယ်။ ဘူးသီးလေး လက်သီးဆုပ်လောက် တစ်ခြမ်းကို ၈၀၀ ဆိုလား၊ တစ်ထောင်ဆိုလားပဲ။ သူတွေဝေသွားတယ်။

ကျွန်တော့်စိတ်ထဲမှာတော့ ကြက်သားနဲ့ ဘူးသီး ဟင်းရည်သောက် ရှယ်တီးရပြီပေါ့ဗျာ။

အဲ့ဒါနဲ့ သူက ကျွန်တော့်ကို တိုးတိုးလေး ပြန်ပြောတယ်။

“ဟေ့ကောင်၊ ကြက်အာလူး ရခိုင်ချက် စားမလား”

“ချဗျာ”

ဆိုပြီး အဆောင်ပြန်ရောက်တော့ သူပဲ ဒိုင်ခံချက်သွားတာပါ။

ကျက်လည်းကျက်ရော ကျွန်တော်တို့ ၂ ကောင် တီးချက်ကဗျာ။ ထမင်း ၄ ဗူးကတော့ အသာလေးပဲ။

တော်တော်ကို ဇိမ်ကျတဲ့ တနင်္ဂနွေနေ့ပေါ့ဗျာ။ ဆက်ရန်

What do you think about this article?