← All Articles

memory

ဘ၀တစ်ဆစ်ချိုး (သို့) ဝန်ထမ်းထွက်ပြီးကာလ ၂၀၁၆

ဘုဏ်းခသူ

ကျွန်တော် ဘဝမှာ မလုပ်ချင်တဲ့အလုပ်ကို နှစ်နဲ့ချီအောင် လုပ်ခဲ့ပြီးနောက်ပိုင်း ကျွန်တော် စိတ်မပါတဲ့အလုပ်ဆိုရင် နှစ်ရက်ပြည့်အောင် မလုပ်ချင်တော့ဘူး။

ဘဝရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲဆိုရင် ၂၀၁၆ ခုနှစ်ပဲ။ အဲ့နှစ်မှာ ကျွန်တော် ဝန်ထမ်းဘဝကနေ နုတ်ထွက်တယ်။ အမေက “မင်း ဘာဆက်လုပ်မှာလဲ” ဆိုတဲ့အမေးကို “ရန်ကုန်တက်မယ်၊ ဖုန်းဆာဗစ်လုပ်မယ်ဗျာ” လို့ပြောပြီး အမေ့ဆီက ပိုက်ဆံတောင်းတော့တာပဲ။ ကျွန်တော်မှာ စုဆောင်းတတ်တဲ့အကျင့်မှ မရှိတာဗျာ။ ဘယ်လိုလုပ် ပိုက်ဆံက ရှိမလဲ။

အဲ့ဒါနဲ့ မားသားကြီးကောင်းမှုနဲ့ ရန်ကုန်ရောက်သွားတယ်ပဲ ဆိုပါတော့။

တကယ်တော့ ရန်ကုန်ရောက်ရောက်ချင်း ငွေဆောင်က ဘော်ဒါတစ်ကောင်က သူ့မားသားကြီး တစ်လပြည့် ဆွမ်းသွပ်လုပ်တာကို လိုက်သွားတယ်။ မနက်ပိုင်းပါပဲ။ ဘုန်းကြီးဆွမ်းကပ်၊ တရားနာပြီးတာနဲ့ ချစ်သူများကျွန်းကိုသွား၊ တစ်နေကုန် ထိုင်သောက်တော့တာပဲ။ လောကဓံဆိုတဲ့အရာကို မတွေ့ခင် ကိုယ့်ကိုကိုယ် ကြိုတင်ပြီး အနားပေးထားတဲ့သဘောပေါ့ဗျာ။

၂ ရက်၊ ၃ ရက်လောက် ကြာမယ်ထင်တယ်။ နေရာပြောင်းပြီး ထိုင်သောက်နေတာပါပဲ။ ဖြစ်ချင်တော့ မူးမူးရူးရူးနဲ့ ပင်လယ်ထဲ ရေဆင်းကူးလို့ မျက်မှန်က ပင်လယ်လှိုင်းနဲ့ ပါသွားပါလေရော။ မမြင်မကမ်းနဲ့ ခပ်တည်တည်ပဲ ရန်ကုန်ကို ဘော်ဒါနဲ့ ပြန်လာခဲ့လိုက်တယ်။

အဲ့အချိန်မှ လောကဓံဆိုတဲ့အရာကို နဖူးတွေ့ဒူးတွေ့ ကြုံရတော့တာပဲ။

ဟိုကောင်က ကျွန်တော့်ကို တက်စီငှားပေးလိုက်တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ တောသားကျွန်တော်ဟာ ရန်ကုန်ကို အရှေ့အနောက်၊ တောင်မြောက်တောင် မသိတာပဲ။ ဘော်ဒါကတော့ မှာလိုက်တယ်။

“မင်းက သင်တန်းတက်မှာဆိုတော့ လှည်းတန်းကိုသွား။ အဲ့မှာ အဆောင်ရော၊ သင်တန်းရော စုံစမ်းချည်တဲ့။”

ကျွန်တော်ရောက်သွားတော့ လှည်းတန်းက မနက် ၆ နာရီ။ လူဆိုလို့ ကျိုးတိုးကျဲတဲလေး။ ကျွန်တော်လည်း ခြေဦးတည့်ရာ လှည်းတန်းစင်တာနဲ့ အင်းစိန်လမ်းမပေါ် အသွားအပြန်လုပ်နေတော့တာပဲ။ ခေါင်းထဲမှာလည်း ဘယ်သူ့ကို အကူအညီတောင်းရမလဲပေါ့။

ဖြတ်ခနဲ သတိရသွားတယ်။

မုံရွာက ဒရမ်တီးတဲ့ကောင်။ အပြင်မှာ မမြင်ဖူးဘူး၊ လိုင်းပေါ်မှာ လေပေးဖြောင့်လို့ စကားတော့ ပြောဖူးတယ်။ သူ့ကောင်မလေးက ပြင်ဦးလွင်က ခရစ်ယာန်မလေးပဲ။ သူကလည်း ခရစ်ယာန်ဆိုပေမဲ့ ဘာသာမဲ့ဆိုလား ဘာလားပဲ။

သူ့ကို သတိရလို့ ဖုန်းထုတ်ဆက်ကြည့်တော့ ဘူတာရုံလမ်းမှာ သူ့အဆောင်ရှိတယ်။ သူကတော့ မုံရွာပြန်ရောက်နေလို့ဆိုလား၊ သွားကြည့်လိုက်၊ အဆင်ပြေမှာပါဆိုတော့ ကျွန်တော် ထွက်ခဲ့လိုက်တယ်။

တကယ်တမ်းကျ ရန်ကုန်မှာ ကျောတစ်နေရာစာလေး ရဖို့ဆိုတာ အင်မတန်မှ ခက်ခဲကြောင်း အဲ့တော့မှ ကျွန်တော် မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတာပေါ့။

လက်ထဲ ပိုက်ဆံထုတ်ကြည့်လိုက်တော့ ၃ သောင်းစွန်းစွန်းလေး။ ကျွန်တော့်ရဲ့ မရေရာတဲ့ မနက်ဖြန်တွေကို ကျွန်တော် ဘယ်လိုဖြတ်သန်းရမလဲ တွေးပြီး စိတ်ထဲ တော်တော်လေးကို အားငယ်ခဲ့ရတယ်။

အဝတ်အစားအိတ်ကြီး ဖရိုဖရဲသယ်ပြီး စိတ်ကူးပေါက်သလို လျှောက်သွားနေတဲ့ ကျွန်တော့်ကို ဆိုက်ကားသမားတစ်ယောက်က သနားလို့ထင်ပါတယ်။

“ကောင်လေး၊ မင်းကိုကြည့်နေတာကြာပြီ။ အဆောင်ရှာနေတာလား။ အကိုသိတဲ့ အဆောင်တော့ရှိတယ်။ တစ်လ တစ်သောင်းခွဲလောက်တော့ ကျမယ်။”

ဆိုတော့ ကျွန်တော်မှာ အဲ့ဆိုက်ကားသမားကို ထိုင်ရှိခိုးချင်တဲ့စိတ် ပေါက်သွားတယ်။

“ရတယ်ဗျာ။ လောလောဆယ် ကျွန်တော်နေဖို့ ကျောတစ်ခင်းစာရရင် ကျေနပ်ပါပြီ။ ကျန်တာက နောက်မှ ဖြေရှင်းရမှာပေါ့။”

အဲ့လိုနဲ့ ကျွန်တော်လည်း သူခေါ်သွားတဲ့အဆောင်ကို ရောက်သွားတယ်။ အင်းစိန်လမ်းမကြီးဘေးနားကနေ ဝင်သွားရတာ၊ တက္ကသိုလ်တစ်ခုနားလေးပဲ။

အဆောင်မှူးဆိုတဲ့ အဘွားကြီးကလည်း ပိုက်ဆံမရမှာကြောက်တော့ ကျွန်တော့်ကို စဉ်းစားချိန်မပေးတော့ဘဲ “တစ်ခန်းထဲ ကျန်တော့တာနော်” ဆိုပြီး အတင်းကို အဆောင်ထဲ တွန်းပို့တော့တာပဲ။

ကျွန်တော်လည်း ချက်ချင်းဆိုသလို မစဉ်းစားနိုင်တော့ဘူး။ လူက တော်တော်လေးကို ပင်ပန်းနေပြီမလား။ ခဏတစ်ဖြုတ်လောက်တော့ နားဖို့လိုနေပြီဆိုပြီး နာရီကိုကြည့်မိလိုက်တော့ ၁ နာရီကျော်နေပြီ။

အဲ့အဆောင်နားမှာ လာတုန်းက လမ်းဘေးထမင်းဆိုင်လေးတွေ့တယ်။ အဲ့ဆိုင်မှာ ထမင်းဘာညာစားပြီး အဆောင်မှာ ခဏနှပ်ဦးမယ်ဆိုပြီး ပြန်ခဲ့လိုက်တယ်။

အဆောင်မှာ ပလပ်ပေါက်မရှိဘူး။

“ဟာ… ကွိုင်ပဲ။”

ဒါပေမဲ့ ခဏနားဦးမယ်ကွာဆိုပြီး လှဲအိပ်လိုက်တယ်။

ကျွန်တော်နိုးတော့ ကျွန်တော်နဲ့အတူတူနေတဲ့ အခန်းဖော်က ရှက်ကီးသမား။ ရှက်ကီးသမားတောင် ရိုးရိုးရှက်ကီးသမားမဟုတ်ဘူး၊ ရှက်ကြောင်ကြောင်နေတာ။ ကျွန်တော့်ကို သူ့ကုတင်ပေါ်ကနေ ငူငူကြီးထိုင်ကြည့်နေတယ်။

ကျွန်တော်လည်း စနည်းနာရအောင် အဆောင်မှူးဆိုတဲ့ ဘွားတော်ကို သွားရှာပြီးတော့—

“အန်တီ၊ ဖုန်းအားက ဘယ်နားသွင်းရလဲ”

ဆိုတော့—

“အပြင်မှာ ခုံလေးလုပ်ထားပေးတယ်။ အဲ့မှာသွင်းတာ”

တဲ့။

ငင့်… ဖုန်းအားသွင်းဖို့ကို ရပ်စောင့်ရမဲ့ပုံစံပဲ။

ကျွန်တော် ချက်ချင်းသိလိုက်ပါတယ်။ ဒီနေရာက ငါနဲ့ အဆင်ပြေမှာမဟုတ်ဘူးလို့။ ကျွန်တော့်လက်တော့ပ်တွေနဲ့ နောက်ကျန်တဲ့ပစ္စည်းတွေက တစ်ချိန်မဟုတ် တစ်ချိန်ပျောက်တော့မှာ။ နောက်ပြီး စရိုက်တွေကလည်း ခပ်ဆိုးဆိုးတွေဆိုတော့။

အဲ့ဒါနဲ့ အဆောင်ခအရှုံးခံပြီး ငွေဆောင်တူတူသွားခဲ့တဲ့ ဘော်ဒါကို အကူအညီတောင်းရတော့တာပဲ။

အဲ့ကောင်ကတော့ တစ်ဟားဟားရယ်ပြီးတော့—

“အေးအေး… အဆင်မပြေရင် ငါ့ဆီရောက်အောင် လာခဲ့”

ဆိုမှ ပစ္စည်းအိတ်အသာလွယ်ပြီး လစ်ထွက်ခဲ့လိုက်တယ်။ ဒါတောင် အဘွားကြီးက “အဆောင်လခ ပြန်မအမ်းနိုင်ဘူးနော်” ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်နေသေးတာ။

အဲ့လိုနဲ့ ကျွန်တော်လည်း သူငယ်ချင်းအကူအညီနဲ့ပဲ စမ်းချောင်းက ကိုးထပ်ကြီးဘုရားဘေးနား ၅ လွှာမှာ တောင်ငူသားတွေ စုနေတဲ့အဆောင်ကို ရောက်တော့တာပဲ။

ဆက်ရန်

What do you think about this article?